အသက်ရှူတိုင်း သတိရပါ
နေ့စဥ်ဘဝမှာ မိုးလင်းကနေမိုးချုပ် အသက်ရှူရှိုက် နေကြရတာကိုတောင် မေ့လျော့ကြတဲ့အထိ ရုန်းကန်နေထိုင်ဖူးကြမှာပါ။
ကဲ... အခုတော့ အချိန်လေးခဏ Pause လုပ်ပြီးတော့ မိတ်ဆွေတို့ ရှူသွင်းလိုက်တဲ့ လေဟာ ဘယ်လို လှည့်လည်သွားလာပြီး ခန္ဓာကိုယ်အတွက် ဘယ်လောက်အသုံးဝင် အရေးကြီးတယ်ဆိုတာ ဝေမျှပေးပါရစေ။
ရှူသွင်းလိုက်တဲ့လေဟာ နှာခေါင်းက စတင်ဝင်ရောက်လာပြီး အသက်ရှူလမ်းကြောင်းမှာရှိတဲ့ ပင်မလေပြွန်ကြီးကနေ လေပြွန်အဆင့်ဆင့်နှစ်ခု ခွဲထွက်သွားပြီး လေပြွန်ငယ် (Alveoli) လေးတွေမှတဆင့် ခန္ဓာကိုယ်ရဲ့ oxygen plant လို့ တင်စားခေါ်နိုင်တဲ့ အဆုတ်ထဲကို ဆက်သွယ် ရောက်ရှိသွားမှာဖြစ်ပါတယ်။
ရှူသွင်းလိုက်တဲ့ လေထဲမှာပါတဲ့ အောက်စီဂျင်တွေဟာ လေပြွန်ငယ်နဲ့သွေးကြောငယ် (Capillary) ကြား ထိစပ်အမှေးပါးမှတစ်ဆင့် သွေးကြောထဲကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ သွေးကြောထဲက အောက်စီဂျင်ကို ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာရှိတဲ့ တစ်ရှူးတွေရဲ့ လုပ်ငန်းဆောင်တာတွေအတွက် ပေးဝေလေ့ရှိပါတယ်။
ဒီလိုမျိုးဖြစ်ပျက်နေတဲ့ တစ်ချိန်ထဲမှာပဲ ခန္ဓာကိုယ်အနှံ့ လှည့်ပတ်စီးဆင်းနေတဲ့ သွေးကြောတွေထဲက သယ်ဆောင်လာသေးတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေဟာ လေပြွန်ငယ်ထဲ ပြန်လည်ရောက်ရှိလာပြီးတော့ ရှူထုတ်လိုက်မယ့် လေထဲမှာ ပြန်လည်ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယေဘုယျအားဖြင့် အောက်ဆီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူထုတ်ကြတဲ့ Gas exchange လို့ မှတ်ယူကြပါတယ်။
အသက်ရှူထုတ်လိုက်တဲ့ အချိန်မှာ လေပြွန်ငယ်များ လုံးဝပြားကပ်မသွားဘဲ တောင့်ခံထားနိုင်ဖို့အတွက် လေပြွန်ငယ်ရဲ့ အထူးဆဲလ်များက ထုတ်တဲ့ Surfactant လိုအပ်ပါတယ်။ လေပြွန်ငယ်များ ပြားကပ်သွားပါက နောက်တစ်ကြိမ် အသက်ရှူသွင်းတဲ့အခါ လေဝင်ဖို့အတွက် များစွာအခက်တွေ့မှာ ဖြစ်ပြီး Oxygen - Carbon-dioxide exchange ပျက်သွားမှာပါ။ အဲ့ဒီအခါ လိုအပ်တဲ့ Oxygen လဲမရ၊ မလိုအပ်တဲ့ Carbon-dioxide တွေပဲ စုပုံလာမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ Surfactant ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ နေ့မစေ့လမစေ့ ကလေးတွေဟာ မွေးဖွားလာတဲ့အခါ အသက်ရှူဖို့အတွက် အင်မတန်ဒုက္ခရောက် ရုန်းကန်ကြရပါတယ်။
အဆုတ်က ခန္ဓာကိုယ်အတွက် တခြား ဘာကောင်းကျိုးတွေ သယ်ဆောင်လာသေးလဲ?
- PH ထိန်းညှိခြင်း - ခန္ဓာကိုယ်မှာ PH level မျှခြေ ဖြစ်ဖို့ Acid နဲ့ Base မျှမျှတတ ရှိရမှာ ဖြစ်ပါတယ်။ ကိုယ်တွင်းမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေများလာရင် Acid ဓာတ်များပြီး မျှခြေပျက်သွားမှာ ဖြစ်တဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ မြန်မြန်ထွက်အောင် အသက်ရှူနှုန်းမြန်အောင် ပြုလုပ်ပေးပြီး PH ထိန်းညှိပေးပါတယ်။
- ခန္ဓာကိုယ်ကိုကာကွယ်ပေးခြင်း - အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်လာတဲ့ ဖုန်၊ အမှုန့်၊ တခြားရောဂါပိုးမွှားတွေကို အမွှေးအမျှင်ငယ်လေးများမှတစ်ဆင့် အပေါ်ရောက်အောင်တွန်းတင်ပြီးတော့ ချောင်းဆိုးစေတာပဲ ဖြစ်ဖြစ်၊ မျိုချပြီးတော့ အစာအိမ်လမ်းကြောင်းမှတစ်ဆင့် ကိုယ်တွင်းမှ ထွက်သွားစေပါတယ်။ ဒါ့အပြင် ပိုးမွှားတွေကိုတန်ပြန်နိုင်တဲ့ ပဋိပစ္စည်း Immunoglobulin A ကို ထုတ်ပြီးလဲ ရောဂါ ကာကွယ်ပေးပြန်ပါတယ်။
- စကားပြောခြင်း - စကားပြောသံ ထွက်လာဖို့အတွက် လျှာ၊ လျှာခင်တို့အပြင် အသက်ရှူလမ်းကြောင်းထဲ လေဝင်ဖို့လဲ လိုအပ်ပါသေးတယ်။ လိုအပ်လို့ အသက်ရှူလမ်းကြောင်း အပေါက်ဖောက်ထားတဲ့ သူတွေဟာ စကားပြောနိုင်ရင်တောင် စကားသံ မထွက်ဘဲ တရှဲရှဲအသံသာ ထွက်ကြတာကို မြင်ဖူးကြမှာပါ။
ကဲ... ဒီလောက်ဆိုရင်တော့ အသက်ရှူတိုင်း မေ့မထားသင့်တဲ့ အဆုတ်ရဲ့ အရေးပါပုံ အကြောင်း တီးမိခေါက်မိ ရှိလောက်ပြီလို့ထင်ပါတယ်။
တခြားသော အဆုတ်အကြောင်းနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများကို မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။